ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၆၇

တစ်ပါးကြီး နေရတယ်ဆိုတဲ့ဟာကို သဘောကျတယ်။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာ အဲဒီလို နိဗ္ဗာန်ချည်း ပြောနေကြတာပဲ။

မဟာယာနဗုဒ္ဓဘာသာတွေရဲ့နိဗ္ဗာန်

ဗုဒ္ဓဘာသာထဲမှာတောင် မဟာယာနက အဲဒီလိုနိဗ္ဗာန် ဟောထားတယ်။ သူတို့နိဗ္ဗာန်မှာ တယ်ကောင်းတယ်ဆိုပဲ, မမြင်ဖူးတဲ့ သစ်ပင်မျိုးတွေ အင်မတန်ကောင်း ဆိုတာကိုး။ ရွှေတွေ ဝင်းဝင်းတောက်နေတယ်, အသီးတွေကလည်း အင်မတန်ကောင်းတယ်, အဲဒီမှာရှိတဲ့ ဥယျာဥ်တွေကလည်း သိပ်ပြီးတော့ သာသာယာယာရှိတယ် ဆိုတာကိုး, ဘုံဗိမာန်ကြီးတွေကလည်း တယ်ကောင်းဆိုပဲ။ နိဗ္ဗာန်ကို အင်မတန် ကောင်းတယ်လို့ ချီးကျူးထားတယ်, မဟာယာနဂိုဏ်းက အဲဒီနိဗ္ဗာန်ကို သဘောကျကြတယ်။

အလုံးစုံသော ရုပ်နာမ်သင်္ခါရတရားတွေ မချုပ်ငြိမ်းဘဲနဲ့, ဒါတွေကို မစွန့်လွှတ်ဘဲနဲ့ ဆိုရင်တော့ ဆင်းရဲခပ်သိမ်းက မငြိမ်းနိုင်ပါဘူးတဲ့။ ရုပ်ရှိရင် ရုပ်မှီပြီးတော့ ဆင်းရဲဖြစ်ရမှာပဲ, နာမ်ရှိရင် နာမ်ကိုမှီပြီးတော့ ဆင်းရဲဖြစ်ရမှာပဲ။ ရုပ်နာမ်သင်္ခါရတွေ အကုန်လုံး စွန့်လွှတ်တဲ့ နိဗ္ဗာန်တရား ရှိတယ်, အဲဒီ နိဗ္ဗာန်တရားကို ဖယ်ထားပြီးတော့ အခြားနည်းနဲ့ ဆင်းရဲငြိမ်းတာ မဖြစ်နိုင်ဘူးလို့ မြတ်စွာဘုရားက နတ်သားကို ဟောတယ်။

ဒေဝပုတ္တ- နတ်သား၊ ဗောဇ္ဈာ ဗောဓိဟာ- အရိယာမဂ်ဉာဏ်အကျင့်ကို၊ အညတြထပေတွာ- ကြဥ်ထား၍လည်းကောင်း၊ တပသာ- ခြိုးခြံသော သမ္မပ္ပဓာန် လုံ့လဝီရိယကို၊ အညတြ ထပေတွာ- ကြဥ်ထား၍လည်းကောင်း၊ ဣန္ဒြိယသံဝရာ- ဣန္ဒြေခြောက်ပါးတို့၌ ကိလေသာ မဖြစ်ပွားရအောင် စောင့်ထိန်းခြင်းတည်းဟူသော အကျင့်ကို၊ အညတြထပေတွာ- ကြဥ်ထား၍လည်းကောင်း၊ သဗ္ဗနိဿဂ္ဂါ- အလုံးစုံသောတရားတို့ကို စွန့်လွှတ်ရာဖြစ်သော နိဗ္ဗာန်ကို၊ အညတြ ထပေတွာ- ကြဥ်ထား၍လည်းကောင်း၊ ပါဏိနံ-သတ္တဝါတို့၏၊ သောတ္ထိံ- ချမ်းသာရာ ချမ်းသာခွင့်ကို၊ အဟံ- ငါဘုရားသည်၊ နပဿာမိ-မြင်တော်မမူ။

သုဗြဟ္မနတ်သားနှင့် အခြွေအရံများ သောတာပန်ဖြစ်ပုံ

အဲဒီဒေသနာတော် နာရင်း နာရင်းနဲ့ တစ်ခါတည်း နှလုံးသွင်းပြီးတော့ သုဗြဟ္မနတ်သားဟာ အခြွေအရံပရိသတ်တွေနဲ့တကွ သောတာပန်ဖြစ်သွားတယ်တဲ့။ ဒီအထဲမှာသမ္မပ္ပဓာန် ဝီရိယနဲ့ ဣန္ဒြေခြောက်ပါးကို စောင့်စည်းလိုက်တော့, ဒွါရခြောက်ပါးက

စာ ၆၈

လောဘ, ဒေါသ မရှိရအောင် မြင်ရုံကြားရုံမျှနဲ့ နှလုံးသွင်းလိုက်တော့ အရိယမဂ်ဉာဏ်အကျင့်က ဖြစ်ပေါ်လာတာကိုး, အရိယာမဂ်ဉာဏ်အကျင့် ဖြစ်ပေါ်လာတော့ အလုံးစုံကိုစွန့်လွှတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့သွားတယ်။ တိုတိုလေးဟောတဲ့ တရားထဲမှာ အကျင့်တွေ အကုန်ပါသွားတယ်။

သောတာပန်ဖြစ်သွားတော့ မူလက ဖြစ်နေတဲ့ စိတ်နှလုံး မသာမယာမှုတွေအကုန်လုံး ငြိမ်းသွားတာပေါ့လေ။ အပါယ်လေးပါး ကျဖို့ရာလည်း မရှိဘူး, စုတေပြီးတော့လည်း နတ်ပဲ ပြန်ဖြစ်ဖို့ ရှိတော့တာပဲ။ ဒါကြောင့်မို့ ဆင်းရဲငြိမ်းချင်လို့ရှိရင် ဆင်းရဲငြိမ်းတဲ့နည်းကတော့ သတိပဋ္ဌာန်နည်းလမ်းပဲတဲ့။

အယံ မဂ္ဂေါ- သတိပဋ္ဌာန်လေးပါးတည်းဟူသော ဤခရီးသည်၊ ဒုက္ခ ဒေါမနဿာနံ- ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏၊ အတ္ထင်္ဂမာယ- ချုပ်ငြိမ်းကွယ်ပျောက်ခြင်းငှာ၊ ဧကာယနော မဂ္ဂေါ- တစ်ခုတည်းသောလမ်း တစ်ကြောင်းတည်းသော ခရီးတည်း။ အဲဒီခရီးကျင့်ရမှာပေါ့။ အားထုတ်တဲ့ပုဂ္ဂိုလ်တွေလည်း များပါတယ်, ပါရမီရှိတဲ့ပုဂ္ဂိုလ်တွေတော်တော် များသေးတယ် ဆိုရမှာပေါ့လေ။ ကိုယ့်ကျိုး ကိုယ့်စီးပွားကို သိပြီးတော့ရသင့်ရထိုက်တဲ့အချိန် တို့ အရယူရမှာပဲလို့ စိတ်နှလုံးသွင်းပြီး လာပြီး အားထုတ်ကြတယ်။ အင်မတန် ချီးမွမ်းစရာကောင်းပါတယ်, အားရစရာ အင်မတန် ကောင်းပါတယ်။

ဥပါယာသ- စိတ်နှလုံး ပြင်းစွာပူပန်ခြင်းဟာ ဆင်းရဲပဲ

“ဥပါယာသ”ဆိုတာ စိတ်နှလုံးပြင်းစွာပူပန်မှု ဒေါသပဲတဲ့။ သောက,က စိုးရိမ်ပူဆွေးတယ်။ ဒေါမနဿ,က နှလုံးမသာယာ ဖြစ်တယ်။ ပရိဒေဝ,က ငိုကြွေးတယ်။ငိုကြွေးတော့ စိတ်ထဲတွင် တစ်ခါတည်း တအုံနွေးနွေး ဖြစ်ပြီးတော့ မခံသာတဲ့ စိတ်ပူပန်ပင်ပန်းနေတဲ့သဘောကို “ဥပါယာသ”လို့ ခေါ်တယ်။ ပြင်းစွာ ပူပန်ခြင်းတဲ့, တောက်တခေါက်ခေါက်နဲ့ ဖြစ်မှဖြစ်ရလေခြင်း ဆိုပြီးတော့ စိတ်ကုန်ခန်းနေတယ်, ဒါဟာဥပါယာသပဲတဲ့။

ဥပမာအားဖြင့် မီးထိုးလိုက်တော့ မီးဖိုပေါ်မှာ ဒယ်အိုးထဲ ဆီတွေက ပူပြီးတော့ပွက်လာတယ်။ ဆီတွေဟာ ဒယ်အိုးတွင်းတွင် ပူပြီးတော့ ပွက်နေတဲ့ဥစ္စာက သောကဖြစ်နေတာပဲတဲ့။ အိုးအတွင်း ပွက်ရာကနေ နှုတ်ခမ်းပေါ်ကျော်ပြီး ဝေကျသွားတာ

စာ ၆၉

ပရိဒေဝ- ငိုကြွေးတာနဲ့ တူတယ်။ ဆီက အပြင်ဘက်ထွက်သွားပြီးတော့ အားနည်းသွားတာ, အတွင်းတွင်ပဲ တစ်ခါ ပွက်ပြီးသကာလ ပူလောင်နေတာက ဥပါယာသပဲတဲ့။

ဒီဥပါယာသကလည်း သူ့သက်သက်တော့ ဒုက္ခမဟုတ်ဘူး, သူက ဒုက္ခနဲ့ တွဲဖြစ်နေတယ်, ဒုက္ခနဲ့တွဲဖြစ်လို့လည်း ဆင်းရဲဖြစ်တာပဲ။ စိတ်ပူပန်မှု အကြောင်းပြုပြီးတော့နောက်ထပ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေက လိုက်ပြီးတော့ ဖြစ်လာတယ်။ အဲဒါတွေကလည်း ဆင်းရဲပါပဲတဲ့။ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဆင်းရဲတွေအကုန်လုံး ပြီးသွားပြီ။

မချစ်မနှစ်သက်တဲ့သူတွေနဲ့ အတူနေရခြင်းဟာ ဆင်းရဲပဲ

“အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” အပ္ပိယေဟိ- မချစ်မနှစ်သက်အပ်သောပုဂ္ဂိုလ်ဝတ္ထုတို့နှင့်၊ (ဝါ) မုန်းအပ်သော ပုဂ္ဂိုလ်ဝတ္ထုတို့နှင့်၊ သမ္ပယောဂေါ- ပေါင်းဖော်ယှဥ်တွဲမှီဝဲရခြင်းသည်၊ ဒုက္ခော- ဆင်းရဲတည်း။ ဒါလည်း ဆင်းရဲပဲ, ထင်ရှားပါတယ်။ဒါကို မြတ်စွာဘုရားက အကျယ်ချဲ့ဟောတယ်။

ကတမော စ ဘိက္ခဝေ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။

အပ္ပိယေဟိ- မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်ဝတ္ထုတို့နှင့်၊ သမ္ပယောဂေါ- ပေါင်းဖော်ယှဥ်တွဲ မှီဝဲရခြင်းဟု ဆိုအပ်သော၊ ဒုက္ခော-ဆင်းရဲသည်၊ ကတမော စ-အဘယ်နည်းဟူမူကား၊

ဣဓ ယဿ တေ ဟောန္တိ အနိဋ္ဌာ အကန္တာ အမနာပါ ရူပါ သဒ္ဒါ ဂန္ဓာ

ရသာ ဖောဋ္ဌဗ္ဗာ ဓမ္မာ၊ ယေ ဝါ ပနဿ တေ ဟောန္တိ အနတ္ထကာမာ အဟိတ-

ကာမာ အဖာသုကကာမာ အယောဂက္ခေမကာမာ၊ ယာ တေဟိ သဒ္ဓိံ သင်္ဂတိ

သမာဂမော သမောဓာနံ မိဿီဘာဝေါ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အပ္ပိယေဟိ

သမ္ပယောဂေါ ဒုက္ခော။

ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤလောက၌၊ ယဿ- အကြင်တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား၊ အနိဋ္ဌာ- အလိုမရှိအပ်ကုန်သော၊ အကန္တာ- မနှစ်သက်အပ်ကုန်သော၊ အမနာပါ- စိတ်နှလုံးကို မတိုးပွားစေတတ်ကုန်သော။ ယေ တေ ရူပါ ဝါ-အကြင်အဆင်းတို့သည်လည်းကောင်း၊ ယေ တေ သဒ္ဒါ ဝါ- အကြင် အသံတို့သည်

စာ ၇၀

လည်းကောင်း၊ ယေ တေ ဂန္ဓာ ဝါ- အကြင်အနံ့တို့သည်လည်းကောင်း၊ ယေ တေရသာ ဝါ- အကြင်အရသာတို့သည်လည်ကောင်း၊ ယေ တေ ဖောဋ္ဌဗ္ဗာ ဝါ- အကြင်အတွေ့အထိတို့သည်လည်းကောင်း၊ ယေ တေ ဓမ္မာ ဝါ- အကြင်သဘောအာရုံတို့သည်လည်းကောင်း၊ သန္တိ- ရှိကုန်၏၊ ဝါ ပန- တစ်နည်းအားဖြင့်သော်ကား၊ အဿ-ထိုပုဂ္ဂိုလ်၏။ အနတ္ထကာမာ- အကျိုးမဲ့ကို အလိုရှိကုန်သော၊ အဟိတကာမာ- အစီးအပွားမဲ့ကို အလိုရှိကုန်သော၊ အယောဂက္ခေမ ကာမာ- ဘေးဒုက္ခနှင့် ယှဥ်တွဲမှုမကုန်ခြင်းကို အလိုရှိကြကုန်သော ဘေးဒုက္ခနှင့် ယှဥ်တွဲမှုကုန်ခြင်းကို အလိုမရှိကြကုန်သော၊ ယေ တေ ဝါ- အကြင်ပုဂ္ဂိုလ်တို့သည်လည်း၊ သန္တိ- ရှိကုန်၏၊ တေဟိ-ထိုသို့သောအာရုံ, ထိုသို့သောပုဂ္ဂိုလ်တို့နှင့်၊ ယာ သင်္ဂတိ- အကြင်ပေါင်းဆုံခြင်းသည်၊ယော သမာဂမော- အကြင်ပေါင်းဆုံခြင်းသည်၊ ယံ သမောဓာနံ- အကြင်ဆုံတွေ့ခြင်းသည်၊ ယော မိဿီဘာဝေါ- အကြင်တစ်ပေါင်းတည်းဖြစ်ခြင်းသည်၊ အတ္ထိ- ရှိ၏။အယံ- ဤသဘောကို၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော- မချစ်အပ်သော မုန်းအပ်သောအာရုံဝတ္ထုတို့နှင့် ယှဥ်တွဲရသော ဒုက္ခဟူ၍၊ ဝုစ္စတိ- ခေါ်ဆိုအပ်၏။

မုန်းသူနှင့်တွဲ၊ ချစ်သူကွဲ၊ ဆင်းရဲအမှန်ပင်။

မချစ်အပ်တဲ့ မုန်းအပ်တဲ့ အရာဝတ္ထုတွေဆိုတာ အာရုံတွေလည်း ရှိတယ် , ပုဂ္ဂိုလ်လည်း ရှိတယ်။ အာရုံတွေကတော့ အလိုမရှိအပ်တဲ့ အဆင်း, အသံ, အနံ့, အရသာ,အတွေ့, သဘောတွေပဲ။ မမြင်ချင်တဲ့ အာရုံတွေ တစ်ခါတစ်ခါ မြင်ရတယ်, မကြားချင်တာတွေလည်း ကြားရတယ်, မနံချင်တဲ့ အနံ့တွေလည်း နံရတယ်, မစားချင်တဲ့ အရသာတွေလည်း စားရတယ် , မတွေ့ထိချင်တဲ့ အတွေ့အထိတွေ ဆိုတာလည်း တွေ့ရတယ် ,စိတ်ကူးထဲ မပေါ်ချင်တဲ့ အာရုံတွေလည်း ပေါ်နေတယ် , အဲဒါဟာ အလိုမရှိအပ်တဲ့အာရုံဝတ္ထုတွေပဲတဲ့။ အဲဒါတွေဟာ မုန်းအပ်တဲ့အာရုံတွေနဲ့ တွေ့နေတာတဲ့။

မုန်းတဲ့ပုဂ္ဂိုလ်တို့နဲ့လည်း တွေ့ရတာပဲ။ ကိုယ့်ရဲ့အကျိုးမဲ့ကို အလိုရှိတဲ့ ပုဂ္ဂိုလ်တွေ,ကိုယ့်ရဲ့ ကောင်းစားချမ်းသာခြင်းကို အလိုမရှိတဲ့ ပုဂ္ဂိုလ်တွေ, ကိုယ့်ရဲ့ အေးငြိမ်းချင်းအလိုမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ရန်သူတွေပေါ့လေ။ တကယ့်ရန်သူလည်း ရှိတယ်, ကိုယ်ကရန်သူထင်နေလို့ ရန်သူဖြစ်နေတာလည်း ရှိပါတယ်, အဲဒီလို ရန်သူနှစ်မျိုး ရှိပါတယ်။အဲဒီပုဂ္ဂိုလ်တွေနဲ့ တွေ့ရခြင်းဟာလည်း ဆင်းရဲပဲ, အဲဒါ မတွေ့ချင်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့

စာ ၇၁

နေရတယ်၊ အတူမနေချင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူနေနေရတယ်၊ ပေါင်းသင်း ဆက်ဆံနေရတယ်ဆိုတော့ အများကြီး ဒုက္ခရောက်တာပဲ။

ချစ်ခင်မြတ်နိုးအပ်တဲ့သူနဲ့ ကွဲကွာရခြင်းဟာ ဆင်းရဲပဲ

ပိယေဟိ- ချစ်ခင်နှစ်သက်အပ် မြတ်နိုးအပ်သော အာရုံဝတ္ထုပုဂ္ဂိုလ်တို့နှင့်၊ ဝိပ္ပယောဂေါ- ကွေကွင်းခွဲခွာရခြင်းသည်၊ ဒုက္ခော- ဆင်းရဲပဲ-တဲ့။

အဲဒီမှာ ချစ်ခင်အပ်တဲ့ အာရုံဝတ္ထုကို ကိုယ်မြင်ချင်တာတွေ, ကြားချင်တာတွေ,နံချင်တာတွေ, စားချင်တာတွေ, တွေ့ချင်တာတွေ, စိတ်ကူးထဲ ပေါ်ချင်တဲ့ အာရုံတွေ,ဒါတွေက ပျောက်ပျောက်သွားတာ ရှိသေးတယ်။ ကိုယ်မြင်ချင်တဲ့အာရုံတွေ မမြင်ရဘဲနဲ့ပျောက်သွားတယ်, မျက်စိနဲ့ မြင်ကောင်းတဲ့ လှလှပပ အင်္ကျီတို့, လုံချည်တို့, လက်ဝတ်လက်စားတို့ ပျောက်သွားရင် ချစ်တာတွေနဲ့ ကွဲတာပဲ-တဲ့။ ကိုယ်က တကယ်လုံလုံခြုံခြုံရိုရိုသေသေ သိမ်းထားတာကို ခိုးသွားလို့ဖြစ်စေ, လုယက်သွားလို့ဖြစ်စေ, အနိုင်ကျင့်သွားလို့ဖြစ်စေ ဆုံးရှုံးသွားရင် စိတ်မချမ်းမသာ ဖြစ်တာပေါ့။ အဲဒါ ချစ်တာတွေနဲ့ကွဲတာပဲ။ ထို့အတူ အဆင်းဝတ္ထုလိုပဲ အသံဝတ္ထုတွေ, အနံ့ဝတ္ထုတွေ, အရသာတွေနဲ့စပ်တဲ့ဝတ္ထုတွေ, အတွေ့အထိဝတ္ထုတွေ, စိတ်ကူးစဥ်းစားကြံစည်ပြီးတော့ ကောင်းစားဖို့ချမ်းသာဖို့ရာ စိတ်ကူးထဲပေါ်နေတဲ့ အာရုံတွေ အကုန်လုံး ပျက်သွားလို့ရှိရင်လည်း စိတ်မချမ်းမသာ ဖြစ်တာပဲ။ အဲဒါကြောင့် ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံအမျိုးမျိုးတွေနဲ့ကွေကွင်းခွဲခွာရခြင်းဟာလည်းပဲ ဆင်းရဲတယ်တဲ့။

ချစ်ခင်အပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကွဲတယ်လို့ ဆိုတာတော့ အထူးပြောစရာ မလိုဘူး။ဒါကတော့ လောကမှာ အများသိနေပြီးသား, အင်မတန်ထင်ရှားနေပြီ။ ချစ်ချစ်ခင်ခင်ဖြစ်နေတဲ့ တစ်ဦးနဲ့တစ်ဦး မခွဲချင်ဘဲနဲ့ ခွဲခွာရလို့ရှိရင် စိတ်မချမ်းမသာ အလွန်ဖြစ်တယ်,ဒါကတော့ ရှင်ကွဲလည်း ရှိတယ်, သေကွဲလည်း ရှိတယ်။ ဒါတွေ စိတ်မချမ်းမသာအများကြီး ဖြစ်ရတဲ့ဥစ္စာတွေပဲ, ဒါကတော့ သိပ်ထင်ရှားနေပါပြီ။ ယနေ့ သိမ်းဦးမှပဲဖြစ်မယ်၊ အချိန်လည်း လေးနာရီကြာသွားပြီ။

ဤသစ္စာလေးပါး တရားဒေသနာကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝနကုသိုလ်ကံစေတနာတို့၏ အစွမ်းအာနုဘော်တို့ကြောင့် တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော ဤဒုက္ခသစ္စာတရားတို့ကို

စာ ၇၂

မိမိတို့ကိုယ်ပိုင်ဉာဏ်ဖြင့် သိအောင် ကျင့်ကြံပွားများ အားထုတ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဥ် အရိယာမဂ်ဉာဏ်အစဥ်ဖြင့် ဆင်းရဲခပ်သိမ်းငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။

သာဓု၊ သာဓု၊ သာဓု။